“ည” Reviews

“ည” Reviews

20414231_707206476141925_2573310718538977680_o

လှည့်ကွက်များတဲ့ “ည” {A Twist Filled “Night”}

မြန်မာရုံတင်ကားကြီးတစ်ကားကို အရသာရှိရှိ စိတ်ဝင်တစားနဲ့ မကြည့်ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ ‘ည’ ကတော့ ဒီနှစ်ချီကြာနေပြီ ဖြစ်တဲ့လို အင်ဆန္ဒကို ကျေနပ်ဖွယ်ရာ ဖြည့်ဆည်း ပေးနိုင်ခဲ့ပါတယ်။ ဇာတ်ညွန်း၊ ဒါရိုက်တာ၊ ကင်မရာ၊ အသံ စသဖြင့်ပိတ်ကားရှေ့ရော နောက်ရောမှာပါ လူငယ်မျိုးဆက်သစ်တွေ ကြိုးစားထားတာက စိတ်ဝင်စားစရာ ကောင်းပြီးသားပါ။ ဒါကိုမှ နောက်ထပ်ဆင့်ပြီး ဇာတ်ညွန်းအချိတ်အဆက်မိမိ၊ သေသေသပ်သပ် ကောင်းကောင်းမွန်မွန်တင်ပြနိုင်တာကတော့ ရှပ်ရှင်ချစ်သူများရော ၊မြန်မာရုပ် ရှင်လောက အတွက်ပါ သတင်းကောင်းတစ်ခုပါပဲ။
ဒီဇာတ်ကားကိုယေဘုယျထက်ကျော်လွန်ပြီး အကွက်စေ့အောင်သုံးသပ်ဝေဖန်ပြရင်တော့ spoiler တွေမဖြစ်မနေပါတော့မယ်။ ဒါ့ကြောင်စာရေးသူအနေနဲ့ယေဘုယျထက်လဲအကျော်၊ အကွက်စိတ်လဲမကျဲ အလယ်အလတ် အနေအထားတစ်ခုကနေပဲ ဒီဇာတ်ကားအကြောင်း ကိုဆက်ပြီးရေးပါမယ်။
ချမ်းမင်းရဲထွဋ်၊ ငြိမ်းသော်၊ မေဆူးမောင်၊ နန်းခေမို တို့ပါတဲ့ သူငယ်ချင်းအုပ်စုတစ်စု အစအနောက်လွန်ရာကနေ အကျိုးဆက်အနေနဲ့သူတို့ ထဲကတစ်ဦးသေဆုံးသွားရတယ်။ တစ်ချိန်ထဲ နီးပါးမှာပဲ ရက်ဆယ်လ်နဲ့ မိုးယသော် တို့သူငယ်ချင်းနှစ်ဦးကလဲ ညဘက်ကားထဲမှာလွန်လွန်ကျူးကျူး ဖြစ်ခဲ့ကြတာကို တစ်စုံတစ်ယောက်က ဗီဒီရိုရိုက်ထားပြီးတော့ အကျပ်ကိုင်နေတယ်။ အဲ့ဒီလူနှစ်စုက ညတစ်ညမှာ တောအုပ်နားမှာ မထင်မှတ်ပဲဆုံဖြစ်ကြတယ်။ တစ်စုနဲ့တစ်စု အထင်လွဲပြီးဖြစ်လာတဲ့ အကျိုးဆက်တွေကို လှည့်ကွက်လေးတွေ လှလှပပခင်း၊ ဖြစ်စဉ်တွေကို ရှေ့နောက်လှည့်ပတ်စီပြီး ပြသွားခဲ့တယ်။ ရုပ်ရှင်ကြည့်ရင်း ဖုန်းပြော ၊ ဂိမ်းဆော့ ၊ SMS ပို့လေ့ရှိတဲ့ ပရိတ်သတ်တွေအတွက် ကတော့နားလည်ဖို့ ခက်ပါလိမ့်မယ်။ ဒီကားဟာသေသေချာချာ တစ်ခန်း ချင်းစီကိုအာရုံစိုက်ပြီးကြည့် မှ အလုံးစုံကိုနားလည် သဘောပေါက်နိုင်မယ့် ကားမျိုးမို့လို့ပါ။
မြန်မာကားအများစုမှာဖြစ်လေ့ရှိတဲ့ ယုတ္တိကင်းမဲ့မှုတွေဒီကားမှာ မရှိပါဘူး။ ဒါပေမယ့် ယုတ္တိရှိနိုင်မှု အလားအလာတွေအထဲမှာ အားအပျော့ဆုံ၊ အနည်းဆုံး၊ အကွက်လေးတွေတော့ရှိ နေ သေးပါတယ်။ ဇာတ်ကောင်အချို့ရဲ့ အပြုအမူအပြောအဆို ပုံစံကို ကြည့်ပြီးဘယ်သူဘာလုပ် ခဲ့ပြီး၊ ဘာကိုလျှို့ဝှက်ထား လဲဆိုတာကို ရုပ်ရှင်သေချာကြည့်သူ တစ်ယောက်အနေ နဲ့အစောပိုင်း ကတည်းကမှန်းလို့ ရနေခဲ့တယ်။ ပြီးတော့ကားထဲက အဖြစ်အပျက်ကို ဘယ်သူက ဗီဒီရိုရိုက်ထားလဲ ဆိုတာကို မိုးယုသော်ကော ရက်ဆဲလ်ကပါ မမှန်းကြည့်နိုင်၊ မတွေးနိုင်၊ မစဉ်းစားနိုင် ဘူးဆိုတာကတော့ ခုနပြောခဲ့တဲ့ ယုတ္တိရှိနိုင်မှုအလားအလာ အနည်းပါး ဆုံးအကွက် လို့ပြောရပါလိမ်မယ်။ ရက်ဆဲလ်ရဲ့ ရည်းစားမြတ်နိုးအေးကလည်း ဒီဇာတ်ကားမှာ အပို ဇာတ်ကောင်လိုဖြစ်နေတယ်လို့ ခံစားမိပါတယ်။ ဒါပေမယ့် အသစ်တွေကိုပဲ ပွဲထုတ်ထားတဲ့ ကားဖြစ်နေတယ် ဆိုတော့လဲ ပိုမြိုင်သွားတယ်လို့ပဲ တွေးမိလိုက် ပါတယ်။
နောက်ယုတ္တိပိုင်းဆိုင်ရာမှာဖြစ်နိုင်ချေ အလားအလာ အားနည်းတဲ့တစ်ကွက်က အိမ်ထဲမှာ ဖမ်းချုပ်ထား တဲ့လူတစ်ယောက်ကို အသာလေးကြိုးလေး ဖြည်ပေးပြီးသွားတော့လို့ လွှတ်လိုက်တဲ့ တစ်ကွက်။ အဲ့ဒီလူက နေရာကိုမှတ်ထားပြီး ရဲတိုင်လိုက်ရင် ဘယ်လိုလုပ်မလဲ။ အိပ်ဆေးတိုင်ပြီးတစ်နေရာမှာ ချခဲ့ပေးလိုက်ရင် တစ်မျိုးပေါ့ ကျန်တဲ့ အပိုင်းတွေက အသေးစိတ် အချက်အလက်လေးတွေ ဖြစ်လို့ ဖြည့်တွေးပေးလို့ရပါတယ်။ ( ဥပမာ- ၀ိုင်သောက်တာ ဘာလို့ ၀ိုင်ဖန်ခွက် မသုံးလဲ? အိမ်မှာ မရှိလို့နေမှာပေါ့လေ စသဖြင့်ပေါ့)
သရုပ်ဆောင်သစ်တွေက သေချာလေ့ကျင့် သင်ကြားပေးခံရတာ သူတို့ကိုယ်တိုင်လဲ သေချာ ကြိုးစားအားထုတ်ထားတာ ငြင်းလို့မရပါ။ အဲ့ဒီထဲမှာ မှ ချမ်းမင်းရဲထွဋ်၊ ရက်ဆဲလ်၊ နက်ရှိုင်းကို၊ နန်းထရေစီနဲ့ မိုးယသော်ကို အတော်လေး အားရမိပါတယ်။ မင်းသမီးလေးတွေအနေနဲ့ တစ်ခုသတိပြုဖို့လိုတာက တခါတစ်လေ၀တ်စားဆင်ယင်မှုတွေဟာ တော်တော်ကိုမော်ဒယ်/ မင်းသမီးဆန်သွားပြီး ဇာတ်ကောင်နဲ့ သူ့ရဲ့ခံစားမှုနဲ့ မလိုက်ဖတ်မှုတွေဖြစ်သွာ်းတာကိုပါ။ ဥပမာ အခွေကိစ္စကြောင့် စိတ်ညစ်ဗျာများနေ ရတဲ့ မိုးယသော်ဟာ စကဒ်တို၊ ဒေါက်ဖိနပ်တွေကို ကျော့မော့အောင်ဝတ်နှုတ်ခမ်းနီရဲရဲ စိုးမပျက်တာမျိုးတွေ၊ လူသေမှုဖြစ်ပြီး နောက်တစ်ရက်မှာ နန်းခေမိုက ဆံပင်တွေကို အလိပ်လိုက်နဲ့ပြင်ဆင်ထားတာမျိုးတွေ ပေါ့။ ပြီးတော့သူများပြုသမျှ နုနေရတဲ့မေဆူးမောင် စိတ်ညစ်နေချိန်မှာ “I call the shot” ( ငါဦးဆောင်နေတာ) ဆိုတဲ့စာသား ပါတဲ့ တီရှပ်ကလည်း အဓိပ္ပာယ်တစ်မျိုးပေါက်သွားစေတယ်။
တင်ပြမှုပိုင်းဆိုင်ရာမှာတော့ စာရေး သူ အနေနဲ့ အတ်ာများများကို ကြိုက်နှစ်သက်ပါတယ်။ မွေးနေ့ခန်းမှာတရုတ်မီးလုံးတွေကို အသုံးအဆောင်ပစ္စည်းအနေနဲ့ရော၊ မီးအလင်းအမှောင် ပစ္စည်း အဖြစ် ပါသုံသွာတာတွေ၊ ၀ရန်တာ / တိုက်ခေါင်မိုးပေါ်မှာ ထရေစီနဲ့ နက်ရှိုင်းတို့ ထိုင်နေတဲ့ အကွက် တွေ၊ ဖြစ်စဉ်တွေက် ရှေ့နောက်မွှေပြီး ပြသွားတာတွေ၊ ဇာတ်ကောင်အချို့ရဲ့ဇစ်မြစ်ကို ခတ်မြန်မြန်ပဲစက္ကန့်အနည်းငယ်အတွင်းမှာပြသွား တာတွေ အားလုံးဟာ အထူးကောင်းမွန်လှပါတယ်။ နောက်ဆုံး ပိုင်းမှာ သီချင်းနှစ်ပုဒ် ဆင့်သွားတာနဲ့ Lost in Translation နောက်ဆုံးခန်းဆန်ဆန်တီးတိုးပြောလိုက်တာတွေ ကိုတော့သိပ်သဘောမကျလှပါဘူး။ ဒါတွေက ဇာတ်ကွက် အတွက်လဲ ဘာမှ အထာက်အပံ့မပေးနိုင်ဘူးလို့ခံစားမိတယ်။
အချို့အခန်းတွေကလိုအပ်တာထက်ပိုရှည်နေတာ၊အချို့ရိုက်ချက်တွေကမလိုပဲနဲ့ထည့်ထား
တာစတဲ အချက်တွေကတော့ လူတစ်ယောက်ချင်းစီရဲ့ အကြိုက်ပေါ်မှာပဲမူတည်ပါလိမ့်မယ် အဲ့ဒါကြောင့်ထည့်မရေးတော့ပါဘူး။
ရုပ်ရှင်ရဲ့သဘောတရားအခြေခံနဲ့ ဇာတ်ညွှန်းကို ပိုင်နိုင်မှု ၊သေချာ အချိန်ယူပြင်ဆင်မှုတွေ ဟာမြန်မာရုပ်ရှင်ရဲ့ အားအနည်းဆုံးအကွက်တွေပါ။ အဲ့ဒီအချက်တွေကိုသေချာပြင်ဆင်ပြီး လုပ်ဆောင်လိုက်လို့ ရှိရင် အခြားမြင်နေကျ တွေ့နေကျ၊ ပုံစံတွေထဲက ကွဲထွက်မယ့် ကောင်းမွန်တဲ့ဇာတ်ကားတစ်ကား ထွက်ကိုထွက်လာနိုင်တယ်ဆိုတာ “ည” အဖွဲသားတွေက သက်သေထူလိုက်နိုင်ပါပြီ။ ဒီလိုကားမျိုးနဲ့ ၊ ဒါကနေတဆင့်တက် ပြီးဒီ့ထက် ပိုကောင်းတဲ့ ကားမျိုးတွေ ၇ိုက်ကူးထုတ်လုပ် နိုင်မနိုင်ကတော့ အားလုံးကဆက်ပြီးစောင့် ကြည့်ရဦးမှာပါ။ ပြီးတော့ ပရိသတ်တွေအနေနဲ့ကလည်း ဒီလိုကားမျိုးတွေကိုနာမည်ကြီး မင်းသားမင်းသမီးတွေမပါလို့ မကြည့်နိုင်တာမျိုး မဟုတ်ပဲ ဖောက်ထွက် ခွဲထွက်ချင်သူတွေရဲ့ လက်ရာတွေကို အားပေးကြိုဆိုရင်းနဲ့ အသိအမှတ် ပြုပေးစေလိုပါတယ်။ ဒါမှဒီလိုလူတွေ နောက်တစ်ခါဆက်လုပ်နိုင်ဖို့ အားရှိမှာပါ။
မြန်မာရုပ်ရှင် တိုးတက်စေလိုသူတွေ ရုပ်ရှင်ချစ်သူတွေက “ည”ကို ကြိုဆိုရပါလိမ့်မယ်။
By Myat Noe (Filmmaker)
15800406_589877364541504_6097470904076882541_o.jpg

“ည” ရုပ်ရှင်က ဘာတွေပိုထူးနေလို့လဲ။

လာမယ့် ၂၈ ရက် ဇူလိုင်လ ၂၀၁၇ ကစပြီးရုံတင်တော့မယ့် “ည” ရုပ်ရှင်ကားက တကယ်ပဲ ထူးခြားတဲ့အပြောင်းအလဲဖြစ်ပါ့မလားဆိုတဲ့ ကိစ္စဟာ အင်မတန်စိတ်ဝင်စားစရာကောင်းလှပါတယ်။ “ည” ရဲ့ Facebook Page မှာလည်း “အပြောင်းအလဲကို တောင့်တနေတဲ့ ရုပ်ရှင်ကြည့်ပရိသတ်များအတွက်” ဆိုပြီးရေးထားပါတယ်။ ကျုပ်တို့ မြန်မာ ရုပ်ရှင်ကြည့်ပရိသတ်မလဲ ခဏခဏ ဂျင်းထဲ့ခံရတာများ တော့ ဒီရုပ်ရှင်ဟာ တကယ် ပဲအပြောင်းအလဲတွေကို မြင်ရမယ့်ရုပ်ရှင်ဟုတ်မဟုတ် နည်းနည်း အာချောင် ကြည့်ပါမယ်။

ဒီကားကို အရုပ်အသံစမ်းတုန်းက တစ်ကြိမ် ၊ Press Show လုပ်တုန်း ကတစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်ကြည့် ပြီးပါပြီ။
ည ကား က ဘာတွေပိုထူးလဲဆိုတာမပြောခင် ကျွန်တော်တို့ မြန်မာရုပ်ရှင်မှာ ဘာတွေက ဖန်တရာတေနေလဲ၊ မဲပြာပုဆိုး ဖြစ်နေလဲဆိုတာ အရင် ပြောမှကောင်းပါမယ်။

၁။မြန်မာရုပ်ရှင်တွေက Dialouge တွေကို အပြင်မှကျွန်တော်တို့ပြောနေသလိုမပြောပဲ စာဆန်ဆန် ဒိုင်လော့ကြီးတွေနဲ့ (သို့) ဒေါသတကြီး မျက်ခုံးတွေရော ပါးစပ်တွေရော ရွဲမဲ့ ပြီးပြောကြတာ။
၂။ ဇတ်လမ်း မှာ မင်းသားဟာ လူကောင်း (သို့) လူဆိုးဖြစ်ရမယ်။ဒါအပြင် လောကမှာလူဆိုးနှင့်လူကောင်း သာ ရှိကြပြီး ၊ အဖြူ မဟုတ်ရင် အမဲ ပဲ ဆိုတဲ့ အမြင်ရှိကြတယ်။

၃။ မိဘမေတ္တာ ၊ သူငယ်ချင်း မေတ္တာ ၊ ဆရာဂုဏ် စသည် တို့ကို ဖော်ကျူးတာ

၎။ပရိသတ်ဖက်ကလိုက်ပါ စဉ်းစားတွေးခေါ်စရာနေရာ မထားပေးထားတာ။
၅။ရိုက်ကွင်း နေရာတွေဟာမြင်နေကြ ရှူတင်အိမ်တွေသာများတာ။ တောကားဆို သန်လျှင်၊အိမ်မှာဆို ကီလီ ၆ ၊ သက္ကန်းကျွန်း ဂိမ်းဆိုင်အိမ် (ဆိုလားမသိ) စသည်စသည်ဖြင့်။

၆။အရုပ်ကလည်းသိသိသာသာကြီးသရုပ်ဆောင်နေတဲ့အပြင်ကို ပါးစပ်ကပါ “သမီးလေးက အဲ့လိုပဲ ကလေးလို နွဲ့ဆိုး ဆိုးနေတုန်း” အဲ့ဒီမှ မင်းသားက “ ဟုတ်ကဲ့ရပါတယ် အန်တီ” ဆိုတာမျိုး မလိုတာတွေများနေတာ

ရ။ကင်မရာရိုက်ချက်ကောင်းတယ် ဆိုတာကို ရှူခင်းကိုလှနေအောင် ရိုက်တာပဲ လို့ထင်နေတာ။

၈။မှတ်သားစရာလောကနီတိ၊အဆိုအမိန့်၊အတေွးအခေါ်တို့ကို ဇတ်လမ်းတည်ဆောက်ပုံ နဲ့ မဖော်ပဲ ရတဲ့နေရာမှ စကားပြောနဲ့ ညှပ်ထည့်နိုင်တာကို ဇတ်ညွှန်းလို့ထင်နေတာ

၉။ ကောင်းကောင်းငိုတတ်မှ သရုပ်ဆောင်ကောင်းဖြစ်တယ်

၁၀။ ဇတ်ဝင်ခန်း နဲ့ ပါတ်သတ်တဲ့ သီချင်း (သို့) သံစဉ် တစ်ခုကို လိုလိုမလိုလို နောက်ခံတေးဂီတ အဖြစ်သုံးတာ။ဥပမာ ကျေးရွာလေးတစ်ရွာမှ မနက်မိုးလင်းလာ တဲ့ ဟာကို ပြလိုက်တာနဲ့ နောက်မှ ဗုံသံလေးနဲ့ တီးလုံးလေးကပါလာတတ်တာမျိုး။တစ်ခါ တစ်ခါ မိုလင်းခါစ ငှက်သံလေးတွေ၊ လူတွေလှူပ်ရှားသွားလာတဲ့အသံလေးတွေ၊ ဈေးသည်တွေ ရဲ့အသံလေး တွေက ပိုပြီး ဂီတာဆန်တယ်ဆိုတာကို လက်မခံတာ။

၁၁။ ကင်မရာ၊ဂီတ၊ဇတ်ညွှန်း၊သရုပ်ဆောင် စတဲ့စတဲ့ ပါသမျှလူတွေဟာ “ငါတို့ ဟာ ဒီဇတ်လမ်းကို ကောင်းအောင် ပံ့ပိုး နေကြတယ်” ဆိုတာကိုသဘောမပေါက်ပဲ သူထက်ငါ သာအောင် လက်စွမ်းပြဖို့ကြိုးစားတာ။အဲ့ဒီတော့ ဟိုနဲနဲ ဒီနားနဲနဲ ချွန်ထွက်နေပြီး မပြေပြစ်တော့တာ။ကဲဆက်ပြောရရင် များကြီးရှိနေဦးမယ်။

အဲ့ဒီတော့ “ည” ရုပ်ရှင်ကားကအထက်မှာပြောခဲ့တဲ့ ဖန်တရာတေနေတဲ့အချက်တွေ အကုန်လုံးကို ပယ်တယ်။အဲ့ဒါမျိုးတွေ မလုပ်ထားဘူး။

“ည” ရုပ်ရှင်မှာ မင်းသား(Hero) မပါဘူး လူဆိုးမပါဘူး။လူတွေလိုတွေးပြီး အဆိုးနဲ့အကောင်းရောယှက်နေတဲ့ လူဆန်ဆန် သရုပ်ဆောင်တွေပဲပါတယ်။မဲ့ရွဲ့ကုန်းအော်၊အသားတွေတဆတ်ဆတ်တုန်ပြီးပြောတဲ့ ဒသနတွေမပါဘူး။ ခေါင်းညိတ်လို့ရတဲ့နေရာမှ ခေါင်းညိတ်ပြီးတော့ မျက်စပစ်လို့ရတဲ့နေရာမှ မျက်စပဲ ပစ်တယ်။ အပိုစကားတွေ ပြောမနေဘူး။ပရိသတ်ကို လိုက်ပါစဉ်းစား တွေးလို့ရအောင် လမ်းဖွင့်ပေးထားတယ်။ ဘဝသင်ခန်းစာလိုလို ဆုံးမစာလိုလို တော်ကီတွေပြောတတ်တဲ့ စစရက ကာရိုက်တာမပါဘူး လူလိုပဲ တွေးပြီး လူလိုပဲလုပ်တတ်တဲ့လူတွေအကြောင်းပဲပါတယ်။ကျွန်တော်တို့ကြားနေကြ နောက်ခံတီးလုံး တွေမပါဘူး ဒါပေမယ့် ခြေသံဖွဖွ နဲ့ အသက်ရှူသံတွေပါတယ်။ကျွန်တော်တို့ ရုပ်ရှင်ကားကြီးတွေမှာ ကြည့်နေကြ ယနေ့ခေတ် နာမည်ကြီး မင်းသားမင်းသမီးတွေမပါဘူး ၊ သူနေရာနဲ့သူ ဇတ်လမ်းကို ပံ့ပိုးပေးတဲ့ သရုပ်ဆောင်သစ်တွေပဲပါတယ်။ခါတိုင်းလို ဒီအခန်းပြီးရင် ဇတ်သိမ်းပိုင်း ဘာဖြစ်မယ်ဆိုတာကို မှန်းလိုရတဲ့ ဇတ်ကွက်မျိုးမပါဘူး၊ ကိုထင်သလိုဖြစ်မလာလို့ အကြိမ်ကြိမ် ခေါင်းစားသွားရမယ့် အခန်းမျိုးတွေပါတယ်။ တခန်းလုံးလင်းထိန်ပြီး မင်းသားမင်းသမီးတွေကို ဖြူဖွေးအောင် ရိုက်ထားတာမျိုးမပါဘူး။သူနေရာနဲ့သူ အလင်းအမှောင် ပေးထားတာမျိုးပဲပါမယ်။
ဒီလောက်ဆို ”ည” ရုပ်ရှင်ကားက ထူးခြားတယ်ဆိုတာသေချာပါတယ်။ရုပ်ရှင် ကောင်းမကောင်းကတော့ ကျွန်တော်ကိုယ်တိုင် မုန့်ဟင်းခါးမချက်တတ်သော်လည်း မုန့်ဟင်းခါးကောင်းမကောင်း စားလိုက်ရင်သိတယ် ဆိုသလိုပါပဲ။ကြည့်ပြီးတော့ ကောင်းမကောင်းပြောလို့ရပါတယ်။
ဒီကားရဲ့ ကင်မရာဆရာဖြစ်တဲ့ ကိုသိဒ္ဒိပြောခဲ့သလိုပါပဲ။ ည ရုပ်ရှင်ကားက Art House film ပုံစံတွေ လို လည်းမဟုတ်သလို ကျွန်တော်တို့နိုင်ငံမှမြင်နေကြ Main Stream ကားတွေလိုလည်း မဟုတ်ပါဘူး။ ဒါရိုက်တာထူးပိုင်ဇော်ဦ ခုံမင်တဲ့ ပုံစံပဲဖြစ်မယ်ထင်ပါတယ်။၂၀၁၂ ဝဿန်ရုပ်ရှင်ပွဲမှ ဆုရရှိခဲ့တဲ့ သူရဲ့ Long Time No See ဆိုတဲ့ ဇတ်လမ်းတိုနဲ့ ၊ ၂၀၁၅ ဝဿန်ရုပ်ရှင်ပွဲတော် ပြိုင်ပွဲဝင်ကားဖြစ်တဲ့ Silence ဇတ်လမ်းတို တွေမှကတည်းက Plot Twist တွေနဲ့ ဇတ်လမ်းကို တင်ဆက်တာနှစ်သက်တဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ဒီကားမှ အဲဒီလို စတိုင်ကိုပဲသုံးထားပါတယ်။
ဒီကားမှာ ပထမအဖွင့်ခန်းဟာဒီကားရဲ့ ဗဟိုချက်ပါ။ဆိုလိုတာက ဒီအခန်းကိုတည်ပြီး ဇတ်လမ်းအလယ် မှာ နောက်တစ်ဆစ်ချိုးချလိုက်တာပါ။ဒါကြောင့် ရုပ်ရှင်ကို အစကနေအဆုံး အချိန်မှီဝင်ကြည့်ပါမှ အရသာရှိပါမယ်။
ဇတ်လမ်းကို တဆင့်ပြီးတဆင့် reveal လုပ်သွားပြီးတော့ ကျွန်တော်တို့ တစ်ခုခု မှန်းဆမိတဲ့အချိန်မှာ ဇတ်လမ်းရဲ့နောက်ထပ် တလွှာကို ခွာချ လိုက်တာမျိုးလို့ပြောရပါမယ်။
အခုက ရုံတောင်မတင်ရသေးဘူးဆိုတော့ အသေးစိပ် ဇတ်လမ်းပိုင်းကို Spoiler ဖြစ်သွားမှာစိုးလို့ နောက်မှဆက်ရေးပါဦးမယ်။
အဓိကပြောချင်တဲ့အချက်ရှိပါတယ်။ဒီကားကို ကျွန်တော်တို့ အုပ်စုတွေ (ရုပ်ရှင်ချစ်သူ၊ရိုက်သူတက်သစ်စပိုင်းနဲ့၊လက်ရှိဒီလောကထဲ ခြေချ မြေစမ်းခရမ်းပျိုးသူတွေ) ဝိုင်းပြီး အားပေးနေရတာအကြောင်းရှိပါတယ်။ အဓိကအားဖြင့် ပုံစံတကယ်ကွဲထွက်အောင်လုပ်ထားတဲ့ကားဖြစ်တယ်။နာမည်ကြီးမင်းသားမင်းသမီးတွေကို သုံးထာတဲ့ကားမဟုတ်ဘူး။ မြန်မာနိုင်ငံကရုပ်ရှင်ကြည့်ပရိသတ်တွေအတွက် အနည်း နဲ့အများ စိန်ခေါ်မှုရှိတဲ့ကားမျိုးဖြစ်တယ်။ ဒါရိုက်တာ၊သရုပ်ဆောင်၊ထုပ်လုပ်ရေး၊ ရိုက်ကူးရေးအဖွဲ့တွေအတွက် ဒီလောကထဲမှာ ပွဲဦးထွက်ကားဖြစ်တယ်။ အဲ့ဒီအချက်တွေကို ပရိသတ်ကဘယ်လိုတုံ့ပြန်မလဲဆိုတာ အင်မတန်ကို အရေးကြီးပါတယ်။ခါတိုင်းလို ငိုပြရယ်ပြ၊စဉ်းစားဖို့မလို၊ကြည့်ပြီးပြန်သွား နောက်နေ့မေ့ ကားမျိုးမဟုတ်တဲ့အတွက် နည်းနည်းတော့ ညဏ်ကောင်းမှရမယ်၊သေချာကြည့်မှရမယ်၊နေကြာစေ့စားနေရင်းနဲနဲကျော်သွားရင် နဲနဲ အချိတ်အဆက်လွပ်သွားနိုင်တယ်။ ဒါတွေကို ပရိသတ်က ပါဝင်စီးမျောကြမှာလား ဆိုတဲ့အချက်က နောက်ဆက်လက် ရိုက်ကူးဖို့ မျှော်မှန်းနေတဲ့ ဒါရိုက်တာအသစ်၊ အဖွဲ့အသစ်တွေ အတွက် အခြေအနေစောင့်ကြည့်ရမယ့်ကားဖြစ်တယ်။ရုံထဲကို ဘယ်လိုပရိတ်သတ် တွေဘယ်လောက်ရောက်လာမလဲဆိုတာ အင်မတန်မှရင်ခုန်ဖို့ကောင်းပါတယ်။အနာဂါတ်မြန်မာ့ ရုပ်ရှင် အရွေ့ကို ပရိသတ်ကဘယ်လောက်ထိ ဝိုင်းတွန်းကြမယ်ဆိုတာ ဟာ ဒီကားရဲ့ အခြေအနေ ပေါ်မှာ မှန်းဆကြည့်လို့ရနိုင်မယ်။အဲ့ဒီလို အရွေ့တစ်ခုဖြစ်လာတော့မှ ပရိသတ်ကို ပြီးပြီးရော “ဂျင်း” ထည့်နေတဲ့ မြန်မာကားတွေနေရာမှာ တကယ်သေချာ ကြိုးစားထားတဲ့ မြန်မာကားတွေ ဝင်လာနိုင်မယ်။ဒါကြောင့် “ည” ရုပ်ရှင်ကို အောင်မြင်စေ ချင်တယ်။ဒါပါပဲ

– Soe Moe Aung (Filmmaker)

 

 

20232760_704397886422784_3791393268003900683_o19467792_693317124197527_1372852718269754698_o

ည ရုပ်ရှင်ဟာ ကြော်ငြာထားတဲ့အတိုင်း မြန်မာပေါကားတွေထဲက ခွဲထွက်တဲ့ အဆင့်အတန်းမှီ Thriller ရုပ်ရှင်ကားတစ်ကားဆိုတာ ငြင်းဆိုဖွယ်ရာမရှိပါဘူး။ ဇာတ်ဆောင်အသစ်တွေချည်းနဲ့ပဲ သဘာဝအကျဆုံးဖြစ်အောင် ရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ကားလဲ ဖြစ်ပါတယ်။ Location, Setting, Cinematography, Lighting, Audio Recording, Post-processing, Sound Effect တွေနဲ့ Editing အပိုင်းတွေအထိပါ တကယ်ကို ကောင်းကောင်းမွန်မွန် အရည်အသွေးမှီမှီ ထုပ်လုပ်ထားတဲ့ ရုပ်ရှင်တစ်ကားပါ။ ပထမဆုံး full length film စရိုက်တဲ့ production, director ပြီးတော့ cast တွေ အနေနဲ့ လိုအပ်ချက်တွေ အနည်းငယ် ရှိနေသေးပေမယ့် တကယ်ကို Qualify ဖြစ်တဲ့ ရုပ်ရှင်တကားဖြစ်ပါတယ်။

Trailer:

Official Trailer ကြည့်ပြီးတဲ့ အချိန်မှာ သိပ်မထူးခြားတဲ့ ဇာတ်လမ်းတစ်ခုလို့ ထင်မှတ်ခဲ့မိပေမယ့် တကယ်တမ်း ရုပ်ရှင်အစအဆုံးကြည့်ပြီးတဲ့အခါမှာ ကျွန်တော် ထင်ခဲ့တာ လုံးဝ (လုံးဝ) လွဲနေမှန်း သိလိုက်ရပါတယ်။ Trailer မှာ ပြထားတာဟာ ဇာတ်ကား အစအဆုံးရဲ့ ရုပ်သံ အတိုချုံးလို့ ပုံမှန်အတိုင်းထင်ထားခဲ့မိပေမယ့် တကယ်တမ်းကျတော့ ဇာတ်ကားအစပိုင်းလေးရဲ့ ( မြှပ်ကွက်တွေ ဘာမှ မဖော်ပြရသေးခင်) အပိုင်းသေးသေးလေး တစ်ပိုင်းပဲ ပြထားတာ ဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ တကယ့် ဇာတ်လမ်းကို Trailer ထဲမှာ လုံးဝ (လုံးဝ) ဖော်ပြမထားပါဘူး။ ဒါကြောင့် Trailer ကြည့်ပြီး သိပ်စိတ်မဝင်စားတဲ့သူတွေ သွားကြည့်ဖြစ်အောင် ကြည့်ဖို့တိုက်တွန်းလိုပါတယ်။

Synospsis:

ဇာတ်လမ်းကတော့ လူငယ် သူငယ်ချင်းတစ်သိုက် ကိုယ့်အချင်းချင်း April Fool လုပ်ရင်းနဲ့ မမျှော်လင့်ပဲ ဘော်ဒါတစ်ယောက် သေဆုံးသွားတာကနေ အစပြုထားပါတယ်။ လူသေမှုတစ်ခုကို ပွင့်ပွင့်လင်းလင်းမဖြေရှင်းပဲ ကြောက်ကြောက်လန့်လန့်နဲ့ ဖုံးရင်းဖိရင်း မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေကနေ ပြဿနာတွေ ပိုကြီးလာတဲ့အကြောင်းရိုက်ထားတာဖြစ်ပါတယ်။ ဒီထက်ပိုပြောပြရင် ဇာတ်ကားရဲ့ အဓိက ရသတွေ ပျောက်ကုန်တော့မှာမို့ Synopsis ကို ဒီလောက်နဲ့ပဲ ရပ်ထားမှဖြစ်ပါလိမ့်မယ်။

Plot:

ည ရုပ်ရှင်ဇာတ်ကားရဲ့ အဓိက ဆွဲဆောင်မှုကို ပြောရပါဆိုရင်တော့ Plot ကိုပဲ လက်ညှိုးထိုးပြရပါလိမ့်မယ်။ နိုင်ငံတကာရုပ်ရှင်တွေအတွက်မထူးဆန်းပေမယ့် ပြည်တွင်း ရုပ်ရှင်ကားတစ်ခုအနေနဲ့ကတော့ Plot ကို လှလှပပ ကစားပြီး အကြောင်းအရာတွေကို လိုအပ်မှ Flashback တွေ ၊ ရှေ့နောက် ချိတ်ဆက်မှုတွေနဲ့ ပြန်ပြတာသွားတာ ည ရုပ်ရှင်က ပထမဆုံးပဲဖြစ်ပါလိမ့်မယ်။ ရိုးရှင်းလှတဲ့ ဇာတ်လမ်းတစ်ခုဟာ Plot ကစားမှု သေသပ်လွန်းတာကြောင့် မျက်တောင်မခတ်၊ ထိုင်ရာကထသွားလို့မရပဲ စိတ်ဝင်စားမှုအပြည့်နဲ့ ဆက်တိုက် ကြည့်ခဲ့ရတဲ့ ရုပ်ရှင်တစ်ကားဖြစ်စေခဲ့ပါတယ်။ Timeline ကို ရှေ့နောက် လှည့်ထားတာတွေဟာ အလွန်အကျူးဖြစ်မနေပဲ နောက်ဘာဆက်ဖြစ်မလဲဆိုတာကို ဘယ်လိုမှ ကြိုစဉ်းစားလို့ မရနိုင်အောင် ပြုလုပ်ထားတဲ့ ရုပ်ရှင်တစ်ကားလဲ ဖြစ်ပါတယ်။ Plot အတွက် အမှတ်ပြည့်ပေးပါတယ်။

Story:

ကျန်တဲ့နေရာတွေ အားလုံးမှာ တော်တော်ကောင်းတဲ့ ည ရုပ်ရှင်ကားဟာ Story ပိုင်းမှာ တော်တော်အားနည်းပါတယ်။ ဒါကလဲ Thriller တို့ Horror တို့ရဲ့ သဘောသဘာဝအရ ထိတ်လန့်ကြောက်ရွံ့ဖို့ကို အဓိကထားပြီး ဇာတ်လမ်းပိုင်းကို သိပ်အလေးမပေးကြဘူးဆိုပေမယ့် ည ရုပ်ရှင်ဇာတ်ကားရဲ့ story ကတော့ ဒီထက်ပိုကောင်းဖို့ လိုတယ်လို့ ယူဆပါတယ်။ ဇာတ်လမ်းဟာ ရိုးရှင်းလွန်းပြီး တစ်ချို့ဖြစ်ရပ်တွေဟာ လက်တွေ့မှာ ဖြစ်ဖို့ ခက်ခဲတဲ့ ကိစ္စတွေ ဖြစ်နေပါတယ်။ ဥပမာအားဖြင့် လူသေမှုကို ရဲ၊ မိဘ၊ ဆွေမျိုးတွေကို အကြောင်းမကြားပဲ သူငယ်ချင်း ၄ – ၅ ယောက်က ဖုံးဖိဖို့ကြိုးစားတာမျိုးဟာ အပြင်မှာသိပ်မဖြစ်နိုင်ပါဘူး။ နောက်ပြီး ဒဏ်ရာရတဲ့လူတစ်ယောက်ကို ဆေးရုံမြန်မြန်ပို့ဖို့ မကြိုးစားတာမျိုးလဲ (တခြားရုပ်ရှင်တွေထဲကလို) တွေ့နေရပါသေးတယ်။ ဇာတ်လမ်းအရ လိုအပ်တယ်ဆိုရင်လဲ အခုထက်နည်းနည်းပိုပြီး ယုတ္တိရှိတဲ့ ပုံစံလေးတွေ ဖြစ်သင့်ပါတယ်။ ဇာတ်သိမ်းမြန်တယ်လို့ တချို့က ထင်ကြပေမယ့် ကျွန်တော်ကတော့ ဇာတ်သိမ်းမြန်တယ်လို့မထင်ပါဘူး။ ဇာတ်သိမ်းမသေသပ်တာလို့ ထင်ပါတယ်။ ဒါလဲ Storyline အားနည်းချက်ပါ။

(Spoiler Alert!!! Spoiler ကြောက်သူများ အောက်ပါစာပိုဒ်ကို ကျော်ဖတ်ပါ)
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
နောက်ဆုံးဇာတ်သိမ်းမှာ အားလုံးကို မသေခိုင်းပဲ တစ်ယောက်ချင်းစီက တစ်ဘဝလုံး အပြစ်သားလိုခံစားသွားရတာမျိုး၊ သူငယ်ချင်းအားလုံး မျက်နှာမပြရဲကြတော့တာမျိုး အစရှိသဖြင့်နဲ့ ဇာတ်သိမ်းရင် ပိုကောင်းမယ်လို့ (Personally) ထင်မိပါတယ်။ အကောင်းဆုံးကတော့ ကြည့်ရှုသူကို Lesson Learnt / Moral တစ်ခုခုကို ငြင်ငြင်သာသာလေးပေးခဲ့တာမျိုး (Japan ရုပ်ရှင်တွေမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်) လုပ်ပေးနိုင်ရင် အရမ်းကောင်းမှာပါ။

Pace:

Story ပိုင်းမှာ အားနည်းသလို Pace ပိုင်းမှာလဲ နှေးလိုက် မြန်လိုက်လေးတွေ တွေ့ရပါတယ်။ Thriller ကားတစ်ကားအတွက် Pace မြန်သင့်သလောက် မမြန်ဘူးလို့ ခံစားရပါတယ်။ အထူးသဖြင့် ပထမ မိနစ် ၃၀ လောက်မှာ မလိုအပ်ပဲ Overly Spooky ရိုက်ကွက်တွေနဲ့ ယုတ္တိမရှိတဲ့အကြောင်းအရာလေးတွေ ပါတယ်လို့ ထင်မိပါတယ်။ နောက်ပိုင်းမှာ အားလုံးပြန်ရှင်းပြတယ်ဆိုပေမယ့် ပြန်ရှင်းပြတဲ့ နေရာမရောက်ခင် ပထမ မိနစ် ၃၀ လောက်ကိုတော်တော် အသည်းယားမိပါတယ်။ အခန့်မသင့်ရင် ပေါကားစာရင်းထဲ ထည့်မိလိုက်တော့မလို့ပါပဲ။ ဒါပေမယ့် နောက်ပိုင်း Plot twist တွေပြန်လာတဲ့အချိန်မှာ “သြော်… ဒါကြောင့်ကိုး” ဆိုပြီး စိတ်တိုင်းပြန်ကျသွားပါတယ်။ သိချင်စိတ်တွေများအောင် Suspense လုပ်ထားတာ နားလည်ပေမယ့် ပထမမိနစ် ၃၀ လောက်ကို ဒီ Pace ထက်နည်းနည်း ပိုမြန်ပြီးပြနိုင်ရင် လိုလေသေးမရှိကောင်းသွားမယ်လို့ ထင်ပါတယ်။

Script:

Script တွေဟာ ကြည့်ဖူးသမျှ မြန်မာကားတွေထဲမှာတော့ သဘာဝအကျဆုံးပါပဲ။ လူငယ်တွေ အချင်းချင်း အပြင်မှာတကယ်စကားပြောတဲ့ပုံစံအတိုင်း ပြောထားဆိုထားတာတွေ့ရပါတယ်။ အလွန်အမင်း ကဗျာဆန်သော၊ တင်စားသော၊ ညှောင့်သော စာသားတွေ လုံးဝမပါပါဘူး။ အရမ်း ယုတ္တိရှိပါတယ်။ ဒါပေမယ့် တစ်ချို့နေရတာတွေမှာ စာသားအပိုလေးတွေ ကြားမိပါတယ်။ အမူအယာနဲ့တင် ပြလို့ရတဲ့ စာသားလေးတွေကိုပြောတာပါ။ အင်မတန်တော့ နည်းပါတယ်။ ဘန်းစကားတွေ၊ foul language တွေတော့ သဘာဝကျအောင် ဒီထက်ပိုပြီး ပါသင့်တယ်လို့ထင်ပါတယ်။

Casting:

သရုပ်ဆောင်အသစ်တွေပဲ သုံးထားတာဟာ ည ရုပ်ရှင်ဇာတ်ကားရဲ့ ထူးခြားပေါ်လွင်တဲ့ အချက်ပါ။ သရုပ်ဆောင်တစ်ယောက်ချင်းစီနဲ့ ကိုက်ညီတဲ့ ဇာတ်ကောင်တွေကိုလဲ သေချာရွေးချယ်ထားပါတယ်။ သရုပ်ဆောင် အသစ်တွေ အနေနဲ့ အတော့်ကို ကောင်းမွန်တဲ့ သရုပ်ဆောင်မှုတွေ လုပ်ထားနိုင်ကြတာကို တွေ့ရပါတယ်။ လက်ရှိ တစ်ချို့သော မင်းသား၊ မင်းသမီးကြီးတွေထက်တောင် သဘာဝကျပါသေးတယ်။ မျက်နှာအမူအရာတွေ၊ ကိုယ်လက်လှုပ်ရှားပုံတွေ အရမ်းသဘာဝကျပေမယ့် စကားပြောတဲ့နေရာမှာတော့ တစ်ခါတစ်လေ စာရွတ်သလို ဖြစ်ဖြစ်သွားတာတော့ အနည်းအကျဉ်းတွေ့ရပါတယ်။ သရုပ်ဆောင်တစ်ယောက်တည်းကပဲ တစ်ချို့အခန်းတွေမှာ အရမ်းပီပြင်ပြီး တစ်ချို့အခန်းတွေမှာ နည်းနည်းလိုနေတာမျိုးတွေလဲ ရှိပါတယ်။ အသစ်ဆိုတဲ့ စိတ်ကလေးကို နှလုံးသွင်းပြီးကြည့်ရင်တော့ တော်တော်ကို ကောင်းတယ်လို့ပြောရမှာပါ။

Costume and Makeup:

ည ရုပ်ရှင်ဇာတ်ကားမှာ နောက်တစ်ခု သတိထားမိတာ အဝတ်အစားတွေပါပဲ။ သရုပ်ဆောင်တိုင်းက သူတို့ရဲ့ ဇာတ်ရုပ်၊ နောက်ခံ Background နဲ့ သရုပ်ဆောင်ရတဲ့ နေရာ၊ အချိန်တွေနဲ့ ကိုက်ညီတဲ့ အဝတ်အစားတွေကိုပဲ ဝတ်ပါတယ်။ တစ်ချို့ အိမ်မှာနေတဲ့ ဇာတ်ဝင်ခန်းတွေဆို Pajama စစ်စစ်နဲ့ တွေ့ရပါတယ်။ ပိုက်ဆံရှိတိုင်းလဲ Branded အဝတ်တွေ ထင်းနေအောင် ဝတ်မထားပေးပါဘူး။ အပိုအလို လုံးဝ မရှိဘူးလို့ ပြောလို့ရပါတယ်။

Makeup ပိုင်းမှာလဲ တော်တော်သဘာဝကျပါတယ်။ ယောက်ျားလေးတွေကအစ makeup လိမ်းထားတာ (သေချာလိုက်ကြည့်လို့) တွေ့နေရပေမယ့် မျက်စိနောက်စရာမဖြစ်ပါဘူး။ သူ့အခန်းနဲ့သူလိုက်ဖက်တဲ့ Makeup မျိုးကိုလဲ တွေ့ရပါတယ်။ အိပ်ယာထဲမှာနေနေတဲ့သူကို မျက်တောင် အတုကြီးတို့ နှုတ်ခမ်းနီ ထင်းထင်းကြီးတို့နဲ့ မတွေ့ရပါဘူး။ နေမကောင်းတဲ့သူရဲ့ မျက်နှာကိုလဲ ထုံးသုတ်ထားသလို ဖြူဖွေးစုတ်နေအောင် လုပ်မထားပဲ အသားရောင်ပုံမှန် ဖျော့ဖျော့လေးပဲ သုံးထားပေးပါတယ်။ ချွေးထွက်တဲ့အခန်းတွေ၊ သွေးပေတဲ့ အခန်းတွေမှာလဲ အပိုအလိုမရှိအောင် ကြိုးစားထားတာတွေ့ရပါတယ်။

Location and Settings:

ရိုက်ကွင်း Location တွေအားလုံး ပြောစရာမရှိအောင် ကောင်းမွန်လွန်းပါတယ်။ MICT Park, အင်းယားဘောင်၊ ခြံဝန်းကျယ်ကြီးထဲက ဒန်း၊ ပန်းခြံ စတဲ့ ဖန်တရာတေ ရိုးအီနေတဲ့ ရိုက်ကွင်းတွေ တစ်ခုမှမပါပါဘူး။ ယုတ္တိရှိရှိ မြို့ထဲက တိုက်ခန်းတွေ ပါပါတယ်။ မြို့ပြင်လို့ တကယ်ထင်ရတဲ့နေရာတွေ ပါပါတယ်။ အလုပ်ရုံ ဂိုထောင်စစ်စစ်လို့ထင်ရတဲ့ နေရာတွေပါပါတယ်။ Public place လိုနေရာမျိုးတွေမှာလဲ ဝိုင်းကြည့်နေတဲ့ လူအုပ်ကြီးမျိုးမဟုတ်ပဲ ဇာတ်ဝင်ခန်းနဲ့ သင့်တော်တဲ့ ဖြတ်လျောက်လေးတွေ ထည့်ထားတာတွေ့ရပါတယ်။ Location ရွေးချယ်မှုအတွက်ပြောစရာမရှိပါဘူး။

Setting ဆိုတဲ့နေရာမှာ နည်းနည်းလေး focus လုပ်ပြီးပြောချင်ပါတယ်။ ပြောရလောက်အောင် တန်တယ်လို့လဲထင်ပါတယ်။ တခြားဇာတ်ဝင်ခန်းတွေအတွက် သိပ်အထွေအထူးမဟုတ်ပေမယ့် psychological ပြဿနာရှိတဲ့ ဇာတ်ကောင်နေတဲ့ အခန်းနဲ့ decoration ကိုပြင်ထားတာ အရမ်း လေးစားမိပါတယ်။ နံရံပတ်လည်နဲ့ canvas board တွေမှာ တကယ်ကို အနုပညာလက်ရာမြောက်တဲ့ စိတ္တဇဆန်ဆန် abstract art တွေ သေချာရေးဆွဲထားပါတယ်။ နဂိုရှိပြီးသားတွေ ယူသုံးတာလား၊ ရုပ်ရှင်အတွက် သီးသန့်ဆွဲထားတာလား မသိပေမယ့် ဇာတ်ကောင်၊ ဇာတ်ရုပ်၊ ဇာတ်လမ်းနဲ့ ကွက်တိကိုက်ညီတဲ့ art piece တွေ သတိထားမိပါတယ်။ ဒါပေမယ့် အလွန်အကျူးလဲ ဖြစ်မနေပါဘူး။ ပုံမှန် ယဉ်ယဉ်လေး ကြောင်နေတဲ့ ပန်းချီဆရာတစ်ယောက် စိတ်ကူးယဉ်ပြီး လျှောက်ဆွဲထားသလောက်ပါပဲ။ သရဲကားတွေထဲကလို ကြောက်ဖို့လန့်ဖို့ကောင်းတဲ့ ပုံမျိုးတွေ မဟုတ်ပါဘူး။ Setting ပြင်ဆင်မှုအတွက် ချီးကျူးလိုပါတယ်။

Cinematography, Lighting and Audio Recording:

Camera angle ယူထားတာတွေ၊ perspective ယူထားတာတွေ အရမ်းကောင်းပါတယ်။ Focus လုပ်ချင်တဲ့ လူ၊ သို့မဟုတ် အရာဝတ္ထုကို သေချာမြင်ရအောင် ရိုက်ထားပါတယ်။ Artistic ဖြစ်တဲ့ ရိုက်ကွက်တွေလဲ တွေ့ရပါတယ်။ တစ်ခုခုကို အာရုံစိုက်စေချင်ရင် lighting နဲ့ ပံ့ပိုးပေးတာအပြင် မျဉ်းကြောင်းတွေ၊ လူတွေရဲ့ Frame ထဲမှာ ရှိတဲ့ အနေအထား၊ နေရာယူတာတွေကအစ အကုန်သေချာလုပ်ထားပါတယ်။ တစ်ချို့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ရိုက်ကွက်တွေမှာ camera ကို ဒီထက်ပိုပြီး shake လုပ်ပေးရင် နည်းနည်းပိုကောင်းမယ်လို့ ထင်ပါတယ်။

ရုပ်ရှင်တစ်ကားလုံး lighting အထူးကောင်းမွန်ပါတယ်။ ညဘက်ခန်းတွေမှာ သရုပ်ဆောင်မျက်နှာတည့်တည့် ဘယ်ကမှန်းမသိတဲ့မီးတွေနဲ့ ထိုးထားတာမျိုးမပါပါဘူး။ Ambient အလင်းရောင်နဲ့ပဲ လင်းတဲ့ပုံစံမျိုးရအောင် သေချာကြိုးစားထားတာ တွေ့ရပါတယ်။ သရုပ်ဆောင်တွေကိုလဲ သေချာမြင်ရပါတယ်။ ညဘက်တောထဲမှာ အားကစားကွင်းက မီးဆိုင်းနဲ့ထိုးထားသလိုလဲ လင်းထင်းမနေတဲ့အတွက် ကွက်တိပါပဲ။

Audio recording လဲ တော်တော်ကောင်းပါတယ်။ နောက်ပိုင်းမှာ Automated Dialogue Replacement (ADR) / Dubbing ပြန်လုပ်ထားတယ်လို့လဲသိရပါတယ်။ ရိုက်ကွင်းမှာ live ဖမ်းတဲ့ အသံရော studio မှာ ADR လုပ်ထားတဲ့ အသံတွေရော အရမ်းကောင်းပါတယ်။ သရုပ်ဆောင်တွေကိုယ်တိုင် စကား လုံးတာ၊ ထစ်တာ၊ ဝဲတာတွေကလွဲရင် အသံဖမ်းတာကောင်းမွန်တဲ့အတွက် အားလုံးကို ကြည်ကြည်လင်လင် ပြတ်ပြတ်သားသားကြားရပါတယ်။ တခြားမြန်မာကားတွေထဲကလို လူသံထွက်လာရင် ဂျီး… ဆိုတဲ့ noise ကြီးထွက်လာလိုက်၊ စကားပြောလို့ပြီးသွားရင် audio clip တစ်ခုလုံး cut လုပ်ပြီး ဖျက်လိုက်လို့ noise သံကြီး ပျောက်သွားလိုက်ဆိုတာမျိုး တစ်ကားလုံး လုံးဝ မပါပါဘူး။ Audio ပိုင်း အရမ်း clean and clear ဖြစ်ပါတယ်။ တစ်ချို့ ADR လုပ်ထားတဲ့ နေရာလေးတွေမှာ အသံနဲ့ ပါးစပ်နဲ့ နည်းနည်း လွဲတာလေးတွေ တွေ့ပါတယ်။ နည်းနည်းမှ နည်းနည်းလေးပါပဲ။ ခွင့်လွှတ်ပေးနိုင်ပါတယ်။

Background Music and Sound Effects:

မြန်မာကားတွေမှာ ကြားနေရကျ အိမ်က ၁၀ နှစ်သမီးလေးရဲ့ Organ / Keyboard နဲ့ တီးထားတဲ့ ပေါတောတော အသံတွေ လုံးဝ (လုံးဝ) မပါပါဘူး။ ကြောက်ဖို့ကောင်းတဲ့အချိန်မှာ တကယ်ကြောက်ဖို့ကောင်းတဲ့ background music တွေ sound effect တွေပါပါတယ်။ နိုင်ငံခြားရုပ်ရှင်တွေထဲကအတိုင်းပါပဲ။ Sound frequency and gain တွေလဲ သေချာ ချိန်ထားတာတွေ့ရပါတယ်။ စကားပြောတဲ့အသံတွေနဲ့ background music / sound effect တွေနဲ့ မရောပါဘူး။ သပ်သပ်စီသေချာကြားရပါတယ်။ Over saturate ဖြစ်ပြီး လုံးထွေး အပ်ကွဲနေတာမျိုးလဲ လုံးဝမပါပါဘူး။ Sound effect တွေဆိုရင် ခန္ဓာကိုယ်ပါ လာတုန်တဲ့ ultra low frequency အထိပါတဲ့ high quality sound effect တွေပါ။ Bass တွေကို တုန်နေအောင် ကြားရပါတယ်။ High Frequency တွေလဲ သေချာကြားရပါတယ်။

Ambient sound တွေ miscellaneous sound တွေ သေချာဂရုတစိုက်ထည့်ထားပါတယ်။ ခြေသံတွေ၊ ခွက်ထဲ ရေထည့်တဲ့အသံတွေ၊ အရာဝတ္ထုတစ်ခုနဲ့တစ်ခု တိုက်မိ၊ ပွတ်မိ၊ ထိမိတဲ့အသံတွေ အကုန်ပါပါတယ်။ သဘောအကျဆုံးကတော့ ဖုန်းလာတဲ့အသံတွေ သေချာလုပ်ထားတဲ့အပြင် laptop windows boot တက်တဲ့အသံ၊ Skype call ဝင်လာတဲ့အသံ၊ call end ဖြစ်သွားတဲ့အသံ အသေးစိတ်ကအစ သေချာထည့်ထားတာပါ။

Movie Original Sound Track (Movie OST) အနေနဲ့ တစ်ပုဒ်ပဲ ကြားမိပါတယ်။ ကျွန်တော်မသိတာလဲ ဖြစ်နိုင်ပါတယ်။ ဇာတ်ကားအဆုံးမှာ ဇာတ်ကွက်နဲ့ ကွက်တိဖြစ်အောင် ရေးထား၊ တီးထားတဲ့ သီချင်းလေးပါ။ အဲဒီအချိန်မှာ ဖြစ်နေတဲ့ mood ၊ ခံစားနေရတဲ့ emotion နဲ့ လိုက်ဖက်ပြီး တော်တော်ကောင်းပါတယ်။

Post-Processing and Editing:

ရိုက်ကူမှုအပြီး ပြင်ဆင်တည်းဖြတ်တာကိုလဲ သေချာလုပ်ထားတာတွေ့ရပါတယ်။ ရိုက်ထားတဲ့ အပိုင်းတွေ ဖြတ်ညှပ်ကပ် လုပ်တာတင်မကပဲ colour correction တွေပါ သေချာလုပ်ထားပါတယ်။ တစ်ချို့ဇာတ်ဝင်ခန်းတွေဆို ပန်းချီကားတစ်ချပ်အတိုင်းပါပဲ။ အရမ်းလှပါတယ်။ တည်းဖြတ်လဲ အပိုအလိုမရှိပါဘူး။ အရုပ်တွေ၊ အသံတွေ၊ transition cut scene တွေအားလုံးသေသပ်လှပ ပါတယ်။ Perfect ပါ။

Message Given:

ပေးချင်တဲ့ Message လေးကတော့ ရှင်းပါတယ်။ အရေးကြောင်းနဲ့ဆို လူတွေက သူ့ Personality ဗီဇတွေ အကုန်ထွက်လာပြီး ကိုယ်ကိုယ်တိုင်ကလွဲရင် ဘယ်သူ့ကိုမှ ယုံလို့မရတဲ့အကြောင်းပါ။

Character တွေ အားလုံးက အပြင်မှာ တကယ်ရှိတဲ့ character နဲ့ personality တွေကို အခြေခံထားပါတယ်။ ယုတ္တိရှိတယ်လို့လဲ ခံစားရပါတယ်။ Character building အတွက် ချီးကျူးလိုပါတယ်။

(Spoiler Alert!!! Spoiler ကြောက်သူများ အောက်ပါစာပိုဒ်နှစ်ပိုဒ်ကို ကျော်ပြီး Others ခေါင်းစဉ်ကို ဖတ်ပါ)
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဒီဇာတ်ကားမှာ ပါတဲ့ ကျွန်တော်တွေ့ရတဲ့ Personality လေးတွေအကြောင်းထပ်ပြောပြလိုပါတယ်။
၁။ သူဌေးသား၊ သူငယ်ချင်းတွေအပေါ် dorminant ဖြစ်၊ လိုချင်တာမရ၊ ရအောင် လုပ်ယူတတ်သူ၊ ဘာလိုလို ပိုက်ဆံကို အားကိုးပြီး ရအောင်ယူတတ်သူ။
၂။ ဆော်ကြည်ဘဲ၊ over confidence ဖြစ်ပြီး ကိုယ်ရှုပ်တဲ့ဇာတ်လမ်းကိုယ်မနိုင်၊ နောက်ဆုံးကိုယ့်ကိုယ်ပဲ အမှုပြန်လာပတ်ခံရသူ။
၃။ အရေးနဲ့ အကြောင်းနဲ့ဆို ဘာလုပ်လို့ဘာကိုင်ရမှန်း လုံးဝမသိ၊ emotional break down ဖြစ်ပြီး တစ်မှိုင်မှိုင်တစ်တွေတွေနဲ့ သူများ manipulate လုပ်သမျှ ခံရသူ။
၎။ ပိုက်ဆံမချမ်းသာသော်လည်း လောင်းကစားလုပ်၊ အကြွေးတွေထူပြီး ကိုယ့်ဇာတ်ကိုယ်မနိုင်သူ။
၅။ အသိဥာဏ်ရှိ၊ စိတ်ကောင်းရှိသော်လည်း သူများ စကားကို oppose လုပ်ဖို့ ဝန်လေးသူ၊ အားနာတတ်သူ၊ ကြောက်တတ်သူ။
၆။ ချစ်သူ၊ ရည်းစားရှိသော်လည်း အခြားမိန်းကလေးနှင့် ရှုပ်ပြီး ချစ်သူသိမှာ ကြောက်သူ။
၇။ Family problem ရှိသောကြောင့် နိုင်သည့်လူကို ပတ်ရမ်းပြီး မိမိတွင်ရှိသည့် stress ကို character အပျက်ပြားခံ၊ ဖြေဖျောက်သူ။
၈။ နိုင်ငံခြားတွင် ကျောင်းသွားတက်နေသော်လည်း superstitious ဖြစ်လွန်းသူ။
၉။ Domestic violence / bully ခံရသောကြောင့် မကောင်းသည့်စိတ်၊ မကောင်းသည့်အတွေးများဖြင့် ပြန်လည် လက်စားခြေလိုသော်လည်း စိတ်ဓါတ်ပျော့ညံ့သူ။
၁၀။ Family problem ရှိသည့်အပြင် တစ်ဖက်သတ်ချစ်ရသည့်သူကပါ မိမိကိုလူရှေ့တွင် စော်ကားသည့်အတွက် အလွန့်အလွန် Psycho ရိုက်ပြီး သွေးအေးအေးဖြင့် လက်စားခြေသူ။

ဒီကားမှာ သဘောကျတဲ့အချက်က အားလုံးဟာ သူ့နည်းသူ့ဟန်နဲ့ မကောင်းမှုတစ်ခုခုကို ကျူးလွန်ထားကြတဲ့သူတွေ ဖြစ်နေတာပါပဲ။ အစတုန်းကတော့ တစ်ချို့ cast တွေကို သနားမိပေမယ့် နောက်ပိုင်းမှာ သူတို့သည်လဲ မကောင်းတာ တစ်ခုခုလုပ်ထားကြမှန်းသိလာရတဲ့အခါမှာ မသနားမိတော့ပါဘူး။ မတရားဘူးလို့ ခံစားရတာတစ်ခုကတော့ ရုပ်ရှင်နောက်ဆုံးမှာ တစ်ချိုက သေပြီး တစ်ချို့က လွတ်သွားကြတဲ့ကိစ္စပါပဲ။

Others:

အပေါ်က ခေါင်းစဉ်တွေအောက်မှာ ထည့်လို့ အဆင်မပြေတဲ့ အပိုကိစ္စလေးတွေ ဒီနေရာမှာ ထပ်ပြောလိုပါတယ်။

ပထမတစ်ခုကတော့ Hollywoods ရုပ်ရှင်တော်တော်များများမှာ တွေ့ရလေ့ရှိတဲ့ ရှေ့မှာ ပြောခဲ့လုပ်ခဲ့ပြီးတဲ့ ကိစ္စလေးတွေကို နောက်ပိုင်းမှာ ပြန်ပြောပြန်လုပ်တဲ့ နည်းပါ။ ပြောချင်တာက နောက်ပိုင်းမှာ သုံးဖို့အတွက်လိုအပ်တဲ့ စကား၊ အပြုအမူလေးတွေကို ရှေ့ပိုင်းမှာကတည်းက မသိမသာ ကြိုပြထားတာမျိုးပါ။ အဲဒီလို အကွက်မျိုးလေးတွေက ပရိသတ်ကို သဘောကျစေပါတယ်။ ည ရုပ်ရှင်မှာ ဒီလိုမျိုးမတွေ့ရပါဘူး။

ဒုတိယတစ်ခုက Movie OST ကို ရုပ်ရှင်တစ်ကားလုံးမှာ ပုံစံအမျိုးမျိုးနဲ့ သုံးတဲ့နည်းဖြစ်ပါတယ်။ ကြောက်စရာကောင်းတဲ့အခန်းကျရင် ဒီတီးလုံးကိုပဲ ကြောက်စရာကောင်းတဲ့ တူရိယာအသံမျိုးနဲ့တီး၊ ကြည်နူးဖွယ်ရာကောင်းတဲ့ အခန်းကျရင် ဒီတီးလုံးကိုပဲ ပျော့ပျောင်းနူးညံ့တဲ့ တူရိယာမျိုးနဲ့တီးတဲ့ အကွက်လေးတွေပါ။ ပရိသတ်ကို ပိုပြီး emotional ဖြစ်စေပါတယ်။ တီးလုံးကိုလဲ ရင်ထဲ အသည်းထဲ စွဲသွားစေပါတယ်။ ည ရုပ်ရှင်မှာ ဒီလိုလုပ်ထားတာ မတွေ့ရပါဘူး။

နောက်ဆုံးတစ်ခုကတော့ ရုပ်ရှင် ခေါင်းစဉ်ပါ။ ည လို့ဆိုထားတဲ့အတွက် ည တစ်ညတည်းမှာ ဖြစ်သွားတဲ့ အဖြစ်အပျက်တွေကို ရိုက်ထားတာလို့ ထင်ခဲ့မိပါတယ်။ တကယ်တော့ တစ်ညတည်းလည်းမဟုတ်သလို တစ်ရက်တည်းတောင် မဟုတ်ပါဘူး။ ရုပ်ရှင်ခေါင်းစဉ်နဲ့ ဇာတ်လမ်းနဲ့ နည်းနည်း လွဲနေတယ်လို့ခံစားရပါတယ်။ ဒါပေမယ့် ည ဆိုတဲ့ ခေါင်းစဉ်ကတော့ Catchy ဖြစ်တာ အမှန်ပါ။ အရေးကြီးတဲ့ ကိစ္စရပ်တော်တော်များများကလဲ ညမှာ ဖြစ်သွားတဲ့အတွက် ည ဆိုတဲ့ စကားလုံးကို ယူထားတယ်လို ထင်မိပါတယ်။

Verdict:

အားလုံးပြန်ခြုံပြီး ပြောရရင်တော့ ည ရုပ်ရှင်ကားဟာ အဆင့်အတန်းမြင့်မားစွာ သေချာရိုက်ကူးထားပြီး နိုင်ငံတကာအရည်အသွေးပြည့်မှီတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ Story အားနည်းချက်လေးတစ်ခုကလွဲလို့ ကျန်တဲ့ အပိုင်းတွေမှာ အသေးစိတ်လေးတွေကအစ သေချာ ဂရုစိုက်ပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ကားပါ။ ပိုကောင်းအောင် ပြုပြင်စရာလေးတွေအနည်းငယ်ရှိပေမယ့် လက်ရှိအခြေအနေနဲ့ကို ထိုင်ရာကမထ၊ မျက်တောင်မခတ်နိုင်ပဲ ပြီးတဲ့အထိ “ဒါပြီးရင် ဘာဖြစ်မှာလဲ” ဆိုတဲ့ သိချင်စိတ်နဲ့ စိတ်ဝင်တစားကြည့်ရမယ့် ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ထွက်ဖူးသမျှ မြန်မာကားတွေထဲမှာ ည ရုပ်ရှင်ကားနဲ့ ပုခုံးချင်းယှဉ်နိုင်တဲ့ရုပ်ရှင် ကားအရေအတွက်ဟာ ရေတွက်လို့ရပါတယ်။ လောလောလတ်လတ် ထွက်ရှိထားတဲ့ကားတွေထဲမှာဆို “နှင်းဆီပါမောင်” နဲ့ “Bangkok to Mandalay” လောက်သာ ည ရဲ့ အရည်အသွေးကို လိုက်မှီနိုင်ပါလိမ့်မယ်။

Good Old Days Production နဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးကို ရဲရဲဝံ့ဝံ့ကြီး Thumbs Up ပေးပါတယ်။

Rating:

ကျွန်တော့် personal point of view အနေနဲ့ From a scale of 0 – 10 မှာ မြန်မာပေါကားတွေကို 0 ပေးရင် “ည” ကို 7 ပေးမှာဖြစ်ပါတယ်။

– Khun Thi ha

 

 

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s